Print Friendly and PDF
only search openDemocracy.net

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ၏အခန်းကဏ္ဍ

ဆယ်စုနှစ်နဲ့ချီတဲ့စစ်အုပ်ချုပ်ရေးကာလကိုဖြတ်ကျော်ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ နိုင်ငံရေးနဲ့စီးပွားရေး ကဏ္ဍတွေမှာ အရေးပါတဲ့ အပြုသဘောဖြစ်ပေါ်တိုးတက်မှုတွေကို မြင်နေရပါတယ်။ ဒါပေမဲ့လည်း မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလိုပေါ်ပေါက်ခဲ့တာဟာ ဒီတိုင်းပြည်အပေါ်ထားထားတဲ့ ယုံကြည်မှုကို လှုပ်ခါ နေပါတယ်။ အံ့အားသင့်စရာတစ်ခုက ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ အဲဒီ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်မှုရှိတာပါပဲ။ ဝေယံဘုန်းက မှတ်ချက်ပြုထားပါတယ်။ ภาษาไทย, English

ဗုဒ္ဓဘာသာဟာ အခြေခံကျကျကို အေးချမ်းတဲ့ဘာသာတရားဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်ထား ကြပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာရှိတဲ့ မွတ်စလင် လူနည်းစုတွေအပေါ်အကြမ်းဖက်မှုတွေမှာ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်တွေက ထင်ရှားတဲ့အခန်းကဏ္ဍကနေ ဦးဆောင်ပါဝင်တာကို တွေ့ခဲ့ရတဲ့အခါမှာတော့ ဒါဟာ လူအတော်များများ အတွက် မှင်တက်မိစရာအခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။

ကုန်ကုန်ပြောရရင် ဆယ်နှစ်တောင်မကြာသေးတဲ့ကာလ၊ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းကမှ ထောင်သောင်းချီတဲ့ သံဃာတော်တွေဟာ တခြားသောအစိုးရဆန့်ကျင်ရေးဆန္ဒပြသမားတွေနဲ့အတူ မြန်မာနိုင်ငံမြို့ကြီးတွေရဲ့ လမ်းမတွေပေါ်ကိုထွက်၊ ငြိမ်းချမ်းစွာစုဝေးပြီး စစ်ဗိုလ်ချုပ်တွေကို အာခံခဲ့တာပါ။ မကြာသေးမီကပဲ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်တို့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေအပြီးမှာ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်နဲ့ချီပြီးနေခဲ့ရတဲ့ စစ်အာဏာရှင်လက်အောက် ကနေ တဖြည်းဖြည်းနဲ့ရုန်းထွက်လာနေခဲ့တာကို ကမ္ဘာတစ်ဝန်းလုံးက အံ့အားသင့်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ စောင့်ကြည့် နေခဲ့ကြပါသေးတယ်။ ဒါပေမဲ့ လက်ယာအစွန်းရောက် ဘာသာရေးအခြေခံ အမျိုးသားရေးစိတ်ဓာတ်မြင့်တက်လာနေခြင်းဟာ တိုင်းပြည်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အနှောင့်အယှက်ကြီးကြီးမားမား လာပေးလို့နေပါတယ်။ ဒီတစ်ကြိမ်မှာလည်း ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ ဦးဆောင်သူနေရာကနေ ပါပြန်တာပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ပစ်မှတ်ဟာ  ပြည်သူကိုဖိနှိပ်ချုပ်ခြယ်တဲ့အစိုးရမဟုတ်တော့ပါဘူး။ ဒီတစ်ခါကတော့ အစ္စလာမ်ဘာသာပါ။

ဗုဒ္ဓဘာသာမှာ သံဃာအဖွဲ့အစည်းဟာ လောကီအရေးကိစ္စတွေမှာ ပါဝင်ပတ်သက်လေ့မရှိပေမဲ့ မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့ လူမှုရေးအလွှာအသီးသီးရဲ့မောင်းနှင်အားတစ်ရပ်ဖြစ်တဲ့သံဃာဟာ အားကောင်းတဲ့ အဖွဲ့အစည်းတစ်ခုပါ။ သမိုင်းကို ကြည့်ရင် နိုင်ငံရဲ့ဗုဒ္ဓဘာသာနဲ့ယှဉ်တဲ့ရုပ်ထွက်လက္ခဏာကို ကာကွယ်ထိန်းသိမ်းရမယ်လို ခံစားရတဲ့အခါတိုင်းမှာ သံဃာဟာ နိုင်ငံရေးထဲ ဝင်ပါလေ့ရှိပါတယ်။

မြန်မာပြည်မှာတော့ ဗုဒ္ဓဘာသာနဲ့ အမျိုးသားရေးနှစ်ခုဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ သံဃာ အဖွဲ့အစည်းဟာဆိုရင် ဗုဒ္ဓဘာသာ မြန်မာ့လူ့အဖွဲ့အစည်းအပေါ်မှာ အတော်လေးကိုဩဇာညောင်းတာပါ။

သံဃာတော်တွေဟာ ပြည်သူတွေရဲ့လောကီလူမှုဘဝထဲကို သိသိသာသာဝင်ရောက်ခဲ့တာကတော့ ၁၉ ရာစုအတွင်း ဗြိတိသျှ တို့ မြန်မာပြည်ကိုသိမ်းပိုက်ခဲ့တဲ့အချိန်ကစခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီအချိန်ကာလတုန်းက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ခံစားခဲ့ ရတဲ့ အကျိုးဆက်တွေထဲမှာ ဗုဒ္ဓဘာသာကိုအားပေးချီးမြှောက် ထောက်ပံ့မယ့် သာသနာ့ဒါယကာရှင်ဘုရင်ကို ဆုံးရှုံးလိုက်ရ ခြင်း၊ ငွေကြေးတတ်နိုင်သူများအကြား မိရိုးဖလာ ဘုန်းတော်ကြီးသင်ပညာရေးထက် ခရစ်ယာန်သာသနာပြုကျောင်းတွေကို သာ မိမိတို့ကလေးတွေကို စေလွှတ်သင်ကြားလာခြင်းနဲ့ အနီးအနား အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့က တိုင်းရင်းသားမွတ်စလင် တွေရဲ့ ရွှေ့ပြောင်းရောက်ရှိလာမှုတွေ မြင့်တက်လာခြင်းတို့ပါပဲ။

ဒီလိုမျိုး လူမျိုးခြား၊ ဘာသာခြားတွေ အမြောက်အမြားရောက်ရှိလာခြင်းရဲ့ အကျိုးဆက်တစ်ခုကတော့ ကုလားမုန်းတီးရေး၊ ကုလားဆန့်ကျင်ရေးစိတ်ဓာတ်တွေ မြင့်တက်လာခြင်းပါပဲ။ ဒါဟာ စီးပွားရေးနဲ့ရော လူမှုရေးနဲ့ပါ သက်ဆိုင်ပါတယ်။ ဒီလူတွေဟာ ရှိသမျှအလုပ်အကိုင်အကုန်လုံးကို ဝင်လုပ်ပြီးမြန်မာတွေမှာ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးရတယ်။ ဒါ့ပြင် အိန္ဒိယနိုင်ငံ ဘင်္ဂေါဒေသကလာတဲ့ မွတ်စလင်တွေဟာ မြန်မာအမျိုးသမီးတွေကို လက်ထပ်ယူလာတဲ့အခါမှာ လူ့အဖွဲ့အစည်း နှစ်ခုအတွင်း တင်းမာမှုတွေ မြင့်တက်လာတော့တာပါပဲ။ မယားအများအပြားယူခြင်းကို တရားဝင် ခွင့်ပြုထားတဲ့ မွတ်စလင်တွေနဲ့ တိုင်းရင်းသားမြန်မာအမျိုးသမီးတွေ လက်ထပ်ယူခြင်းဟာ မြင်ရတွေ့ရများတဲ့ ကိစ္စ တစ်ခု ဖြစ်လာပါတယ်။ မွတ်စလင်ယောက်ျားတွေကို ယူတဲ့မြန်မာအမျိုးသမီးတွေဟာ အစ္စလာမ်ဘာသာထဲကို သွတ်သွင်းခံရ (ဒါမှမဟုတ်) ဝင်ရောက် ကြတယ်၊ သူတို့ကမွေးတဲ့ကလေးတွေဟာ အစ္စလာမ်ဘာသာဝင်ဖြစ်လာကြတယ်။ မြန်မာပြည်မှာတော့ မွတ်စလင်ဦးရေဟာ တိုင်းပြည်လူဦးရေရဲ့ တရားဝင်အားဖြင့် ၄ ရာခိုင်နှုန်းပဲရှိတယ်ဆိုပေမဲ့ (တချို့လေ့လာသူတွေနဲ့ ပြည်တွင်းက မွတ်စလင် ပညာတတ်အချို့ကတော့ မြန်မာပြည်မှာ မွတ်စလင်ဦးရေဟာ ၁၀ ရာခိုင်နှုန်းအထိရှိနိုင်တယ်လို့ ခန့်မှန်းထား) မွတ်စလင် ဦးရေ များပြားလာခြင်းနဲ့အတူ မွတ်စလင်တို့ရဲ့လွှမ်းမိုးမှုမြင့်တက်လာမှာကို စိုးရိမ်ကြောက်လန့်ကြတဲ့ အမျိုးသားရေးစိတ် ဓာတ် ပြင်းထန်သူ ရဟန်းရှင်လူတွေကတော့ ခုနကပြောတဲ့ မွတ်စလင်တို့နဲ့အိမ်ထောင်ပြုခြင်းဟာ ပြောစရာဆိုစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

မြန်မာပြည်မှာတော့ အိန္ဒိယလူမျိုးဆန့်ကျင်ရေး၊ နောက်ပိုင်း မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းတွေဟာ ၁၉၃၀ ပြည့်လွန် နှစ်တွေကတည်းက ပေါ်ပေါက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ရန်ကုန်မြို့ရဲ့လူဦးရေရဲ့တစ်ဝက်ဟာ အိန္ဒိယသားစတဲ့ လူမျိုးခြားတွေဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းကာလတစ်ဝိုက်မှာလည်း ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တို့အကြား သွေးထွက်သံယိုမှုတွေဖြစ်ပွားခဲ့ပါတယ်။ မဝေးသေးတဲ့အတိတ်ကိုပြန်ကြည့်ရင်တော့ ၁၉၉၇ ခုနှာ မန္တလေး၊ ၂၀၀၁ ခုနှစ်မှာ တောင်ငူနဲ့ ၂၀၀၃ ခုနှစ်မှာ ကျောက်ဆည် စတဲ့မြို့တွေမှာ မွတ်စလင်တို့နဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြား အဓိကရုဏ်းတွေဖြစ်ပွားခဲ့သလို ၂၀၁၂ ခုနှစ်ထဲမှာတော့ ရခိုင်မြောက်ပိုင်းမှာ တစ်ကျော့ပြန်အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဓိကရုဏ်းတွေမှာ နှစ်ဖက်အသေအပျောက်၊ အထိအခိုက်ရှိကြပေမယ့် အထိအခိုက်အများစုကတော့ မွတ်စလင်တွေဘက်ကဖြစ်ပါတယ်။  အဓိကရုဏ်းအတော်များများမှာ  ဗလီတွေနဲ့ မွတ်စလင်ပိုင် အိမ်ရာအဆောက်အဦတွေကို ဖျက်ဆီးတဲ့နေရာမှာ ဗုဒ္ဓဘာသာရဟန်းတွေလည်း ပါဝင်ခဲ့တယ်လို့ စွပ်စွဲချက်တွေရှိခဲ့ပါတယ်။

မကြာသေးမီကာလများအတွင်း မြင့်တက်လာခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အဓိကမီးထိုးပေးခဲ့တာဟာ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ ရဟန်းသံဃာတော်အချို့ဖြစ်တယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေရှိပါတယ်။ သံဃာတော် တွေဟာ ကိုယ်တိုင်လည်းအကြမ်းမဖက်၊ လူတွေကိုလည်း အကြမ်းဖက်မှုတရားတွေဟောပြောသူတွေမဟုတ်ကြပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း တရားပွဲအချို့မှာတော့ မွတ်စလင်တွေနဲ့ပတ်သက်ပြီး အမုန်းတရားစကားတွေ ဥပမာ မွတ်စလင် တွေဟာ ဗုဒ္ဓဘာသာအမျိုးသမီးတွေကိုဖြားယောင်းသိမ်းသွင်းယူပြီး ဘာသာထဲသွင်းနေတယ်၊ ဗုဒ္ဓဘာသာအမျိုးသမီး တစ်ဦးကို ယူနိုင်တိုင်း အဲဒီမွတ်စလင်အမျိုးသားဟာ ဘာသာရေးအဖွဲ့အစည်းတွေဆီကနေ ထောက်ပံ့ကြေးတွေ၊ ဆုကြေးတွေ ရတယ် စတာတွေကို ပြောင်ပြောင်တင်းတင်း ဟောပြောကြတဲ့ ရဟန်းတော်အချို့တော့ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာတော့ သံဃာတော်တွေဟာ လူ့အဖွဲ့အစည်းရဲ့ထိပ်မှာထားပြီး ကိုးကွယ်ခံရသူတွေမို့ ဒီရဟန်းတော်တွေရဲ့ဟောပြောချက်တွေကို ပွင့်ပွင့်လင်းလင်းဆန့်ကျင်ချေပမှုမျိုး အစိုးရထဲမှာရော သာမန်ပြည်သူတွေထဲမှာပါ မတွေ့ရသလောက်ပါပဲ။ လူဦးရေ တစ်သန်း နီးပါးလောက်ရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပါအဝင် တခြားမြန်မာပြည်ဖွား ကုလားသွေး၊ တရုတ်သွေး ပါသူ အများအပြား နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးခဲ့တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာဆိုရင် ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေအပေါ် အစိုးရအဆက်ဆက်က တူညီတဲ့သဘောထားမျိုးရှိတယ်ဆိုတာကိုပြသတဲ့ အထောက်အထားတစ်ရပ်ပဲ။

အဲဒီရဟန်းတွေရဲ့ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ ပြင်းထန်တဲ့အဆင့်ကနေ ပျော့ပြောင်းတဲ့အဆင့်အထိ အဆင့်ဆင့် ရှိတယ်။ ဝီရသူလိုမျိုး ဘုန်းတော်ကြီးတွေကတော့ ပြင်းထန်တဲ့အထဲမှာပါတယ်။ ဦးဝီရသူဟာ မန္တလေးမြို့မှာ မွတ်စလင်တွေနဲ့ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့တာကြောင့် ၂၀၀၃ ခုနှစ်မှာ ဖမ်းဆီးထောင်ချခံရပြီး ၂၀၁၂ ခုနှစ်မှာ ပြန်လွတ်မြောက်လာခဲ့သူ ဖြစ်တယ်။ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေမှာ သူ့အနေနဲ့ပါဝင်ပတ်သက်မှုမရှိဘဲ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်း ဖို့ကိုပဲ ဟောပြောတာပါလို့ ဦးဝီရသူကငြင်းပေမယ့် သူ့ရဲ့ တရားဟောပြောမှုတွေမှာပါနေတာကတော့ မွတ်စလင်ဆိုင်တွေမှာအားမပေးဖို့၊ မြန်မာအမျိုးသမီးတွေ မွတ်စလင်တွေကို မယူဖို့ ဟောပြော စည်းရုံးတာတွေပါ။ တိုင်းမ် မဂ္ဂဇင်းကတော့ မနှစ်တုန်းက သူ့ကို“ဗုဒ္ဓဘာသာအကြမ်းဖက်မှု၏မျက်နှာစာ”လို့ အမည်တပ်ခဲ့ပါတယ်။

တခြားသော ရဟန်းတော်တွေကတော့ အဲဒီစိတ်ကူးထဲကခြိမ်းခြောက်မှုကို တုံ့ပြန်ကြရာမှာ ပျော့ပျောင်းတဲ့နည်းကို သုံးကြ တယ်။ အကယ်၍ကြိုတင်ကာကွယ်မှုအစီအမံတွေသာ လုပ်မထားရင် ဗုဒ္ဓဘာသာဟာ  ဒီနိုင်ငံကနေပျောက်ကွယ်သွားနိုင် တယ်လို့လည်း အချို့ကထောက်ပြကြတယ်။ သူတို့ကတော့ တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖန်နစ္စတန်နဲ့ အင်ဒိုနီးရှားတို့ကနေ ဗုဒ္ဓဘာသာကွယ်ပျောက်သွားခဲ့တာကို သာဓကဆောင်ပြီး ဟောပြောကြတယ်။ ဒါပေမဲ့ မြန်မာပြည်ကဗုဒ္ဓဘာသာရဟန်းတော်တွေ ထဲမှာတော့ မွတ်စလင်တို့ရဲ့ဗုဒ္ဓဘာသာအပေါ် နှိပ်ကွပ်ခဲ့မှုကြောင့် သာသနာကွယ်ခဲ့ရပါတယ်လို့ ဆိုကြပေမယ့် တစ်ဖက်က အဲဒီဒေသတွေကနေ ဗုဒ္ဓဘာသာကွယ်ပျောက်သွားရခြင်းဟာ အစ္စလာမ်ဘာသာကြောင့် ဆိုတဲ့ အချက်ကို ပညာရှင်တွေကြားမှာ လက်မခံသူတွေလည်း ရှိနေဆဲပါ။ ဒါ့ပြင် မွတ်စလင် ဦးရေ ဟာ ဗုဒ္ဓဘာသာဝင်ဦးရေထက် တိုးပွားမှုနှုန်း ပိုမြန်နေတာရယ်၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကနေ မွတ်စလင်တွေ တရားမဝင် ဝင်ရောက်လာနေတာရယ်ကိုလည်း သူတို့ကစိုးရိမ်မကင်းဖြစ်ကြပါတယ်။ သဘောထားပြင်းထန်သူဖြစ်စေ၊ အလယ်အလတ် ကျသူဖြစ်စေ လက်ခံတဲ့အချက်ကတော့ မြန်မာပြည်နဲ့ဗုဒ္ဓဘာသာဟာ အစ္စလာမ်ဘာသာရဲ့ရန်ကနေ ကာကွယ်ရမယ် ဆိုတာပဲ။

Thousands of Buddhist monks protest over the Organisation of the Islamic Conference (OIC) opening an office in Myanmar. Htoo Tay Zar/Demotix. All Rights Reserved.

တစ်ဖက်ကအကြောက်တရား၊ တစ်ဖက်က စိတ်ခံစားမှုတွေ မြင့်တက်လာမှုနဲ့အတူ သံဃာ၊ အာဏာပိုင်တို့နဲ့ ပြည်သူတို့ဟာ မွတ်စလင်လွှမ်းမိုးမှုကို ဆန့်ကျင်တွန်းလှန်တဲ့နေရာမှာ တဖြည်းဖြည်းချင်းညီညွတ်လာနေပါတယ်။ အစိုးရအဖွဲ့ထဲက သာသနာရေးဝန်ကြီးဦးဆန်းဆင့်လို အစိုးရအဖွဲ့ဝင်တွေဟာဆိုရင် ဦးဝီရသူအပါအဝင် တခြားသောမွတ်စလင်ဆန့်ကျင်ရေး ရဟန်းတော်တွေဘက်က ခုခံပြောဆိုပေးကြပါတယ်။ ဒီတိုင်းပြည်မှာ အစိုးရအဆက်ဆက်က လွတ်လပ်စွာပြောဆိုခွင့်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့ကြပေမယ့် မွတ်စလင်မုန်းတီးရေးတရားပွဲတွေကို အာဏာပိုင်တွေက အသာတကြည် ခွင့်ပြု ပေးပြီး လက်ပိုက်ကြည့်နေတာကတော့ စဉ်းစားစရာအချက်တစ်ချက်ဖြစ်ပါတယ်။

တစ်ချိန်တုန်းက စစ်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးတဲ့ ရဟန်းတော်အချို့တောင် အခုဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေး လှုပ်ရှားမှုကို အပြတ်ထောက်ခံကြပါတယ်။ သူတို့အထဲမှာ သီတဂူဆရာတော်လည်း အပါအဝင်ပဲ။ သီတဂူ ဆရာတော်ဟာဆိုရင် စစ်ကိုင်းမှာရှိတဲ့ သီတဂူအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ်ကိုတည်ထောင်သူနဲ့ လူမှုရေး ပရဟိတလုပ်ငန်းတော်တော်များများကို လုပ်ကိုင်နေပြီး အများကြည်ညိုလေးစားမှုကိုခံရသူဖြစ်တယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် ရဲရဲဝံ့ဝံ့ဝေဖန်ခဲ့သူဖြစ်တဲ့ ဆရာတော်ဟာ အခု ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေနဲ့တကွ အခုဖြစ်နေတဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးလှုပ်ရှားမှုတို့ဘက်ကနေ ပြတ်ပြတ်သား သားရပ်တည်ပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်လာရင် လူ့အခွင့်အရေးကိုနောက်မှာပဲ ထားသင့်ကြောင်း၊ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးရှေ့ဆောင်နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံတောင်မှ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ရင် လူ့အခွင့်အရေးကို ချိုးဖောက်ဖို့ဝန်မလေးကြောင်း ဆရာတော်ရဲ့မိန့်ခွန်းတွေကို စုစည်းထုတ်ဝေထားတဲ့ ရဋ္ဌပါလမိန့်ခွန်းများ ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။

ယမန်နှစ်အတွင်း ရန်ကုန်အနီးမှာကျင်းပခဲ့တဲ့ သံဃာ့ညီလာခံကနေပြီးတော့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းဖို့အတွက် လွှတ်တော်ကို တိုက်တွန်းဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်။ သူတို့အဆိုပြုချက်အရ အဲဒီ မျိုးစောင့်ဥပဒေအရ ဘာသာခြားတစ်ယောက်ဟာ ဗုဒ္ဓ ဘာသာဝင်အမျိုးသမီးတစ်ဦးကိုလက်ထပ်ချင်တယ်ဆိုရင် မိဘတွေရဲ့သဘောတူညီမှုကို ပထမရယူရမှာဖြစ်ပြီး ဗုဒ္ဓဘာသာဝင် အဖြစ် ကူးပြောင်းခံယူရမှာဖြစ်ပါတယ်။ အဲလိုမလုပ်ရင်တော့ ထောင်ဒဏ်အပြစ်ပေးခံရမှာဖြစ်တယ်ဆိုတဲ့အချက်ကို ထည့် သွင်းဖို့ အဲဒီ သံဃာ့ညီလာခံက တိုက်တွန်းကြပါတယ်။ ဒီလိုမျိုး မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးလှုပ်ရှားမှုကို ခေတ်ပညာတတ် မြန်မာအမျိုးသမီးအချို့ကတော့ လက်မခံကြဘဲ ဒါဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာလို့ ရှုမြင်ကြပေမဲ့ အဲဒီ ဥပဒေ ပြဋ္ဌာန်း မှာကို ထောက်ခံတယ်ဆိုတဲ့သူတွေရဲ့လက်မှတ်ထိုးလှုပ်ရှားမှုမှာတော့ အခုအထိ လက်မှတ်ပေါင်းသန်းနဲ့ချီရပြီးဖြစ်တယ်လို့ ဆိုထားပြီး အဲဒီ လက်မှတ်တွေကို လွှတ်တော်ကိုပေးပို့မှာဖြစ်တယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။

သို့ပေမဲ့လည်း ဗုဒ္ဓဘာသာရဟန်းတော်တိုင်းကတော့ အခုဖြစ်နေတဲ့ မွတ်စလင်ဆန့်ကျင်ရေး ဗုဒ္ဓဘာသာအမျိုးသားရေး လှုပ်ရှားမှုကို မထောက်ခံကြပါဘူး။ ကမာရွတ်မီဒီယာနဲ့အင်တာဗျူးတစ်ခု မှာတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်း ဦးဆောင်သံဃာ တော်တစ်ပါးဖြစ်ခဲ့တဲ့ ဘဒ္ဒန္တပဏ္ဍဝံသက “ဘာသာရေးတစ်ခုတည်းကို ဇောင်းပေးစဉ်းစားလို့ မရဘူး။ တကယ်လို့အဲလိုစဉ်းစားရင် ဒီမိုကရေစီနိုင်ငံမဟုတ်ဘဲ ဘာသာရေးနိုင်ငံကြီး ထူထောင်သလိုဖြစ်သွားမယ်။ အဲလို ထူထောင်ရင် ပဒေသရာဇ်နိုင်ငံပြန်ဖြစ်သွားမှာပဲ။ ဒီမိုကရေစီနိုင်ငံ ထူထောင်သွားမယ်ဆိုရင် ဘာသာအားလုံး ပါဝင် ရမယ်။ စစ်အုပ်ချုပ်ရေးကို ပြန်သွားလိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ ပြန်သွားလိုတဲ့ပုဂ္ဂိုလ်တွေက ပဋိပက္ခတွေကို နည်းပေါင်းစုံနဲ့ ဖန်တီး တယ်။” ဒါပေမဲ့ ဒီလိုမျိုးပုဂ္ဂိုလ်တွေရဲ့အသံဟာ သဘောထားပြင်းထန်တင်းမာတဲ့ သံဃာတော်တွေရဲ့ အမျိုးသားရေး အသံတွေကို မကျော်လွန်နိုင်ဖြစ်နေပါတယ်။ အခုအချိန်မှာတော့ အမျိုးသားရေးဝါဒ ဟာ သာမန်ပြည်သူတွေကိုသာမက လွှတ်တော်ထဲက ကိုယ်စားလှယ်တွေအပေါ်ကိုတောင် လွှမ်းမိုးမှုရှိနေတာပါ။ လွှတ်တော် ကိုယ်စားလှယ်တချို့ဟာဆိုရင် သံဃာတွေအဆိုပြုထားတဲ့ မျိုးစောင့်ဥပဒေကိုပြဋ္ဌာန်းနိုင်ဖို့အတွက် ဥပဒေကြမ်းတွေ ကိုတောင် ရေးဆွဲတင်သွင်းဖို့ စဉ်းစားနေကြတာပါ။

နိဂုံးချုပ်ရရင်တော့ အကြောက်တရား၊ မုန်းတီးမှုနဲ့ ခွဲခြားဆက်ဆံမှုတွေဟာ အမျိုးသားရေးဆိုတဲ့အရေကိုခြုံပြီး လွှမ်းခြုံနေ သမျှကာလပတ်လုံး လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံပါဝင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ ကြီးပွားတိုး တက်ရေးဖြစ်ဖို့အလားအလာနဲ့ပတ်သက်လို့ သံသယထားနေကြရဦးမှာပါ။ မြန်မာပြည်သူလူထုရော သံဃာ့အဖွဲ့အစည်းရော ဟာ ကိုယ်လိုချင်တောင့်တတဲ့ အမျိုးသားစရိုက်လက္ခဏာနဲ့ပတ်သက်ပြီး ကိုယ့်ဟာကိုယ် ပြန်မေးခွန်းထုတ်ဖို့လိုနေပါပြီ။ လူမျိုးစုတွေ၊ ယဉ်ကျေးမှုတွေ ဒီလောက်ပေါများကြွယ်ဝတဲ့မြန်မာလိုနိုင်ငံတစ်ခုမှာ လူဦးရေအများဆုံးရှိတဲ့လူမျိုးကြီး တစ်မျိုးနဲ့ လူဦးရေအများဆုံးကိုးကွယ်တဲ့ ဘာသာတရားတစ်ရပ်တည်းပေါ်မူတည်တဲ့ နိုင်ငံ့အမျိုးသားလက္ခဏာကို တည်ဆောက်လို့ရှိရင်တော့ ငြိမ်းချမ်းသာယာပြီး ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတစ်ခုဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ အနာဂတ် မှာတော့ မြန်မာနိုင်ငံရဲ့ရုပ်လက္ခဏာသွင်ပြင်ဟာ နိုင်ငံရဲ့တစ်မူထူးခြားစွာပိုင်ဆိုင်ထားတဲ့ လူမျိုးစုနဲ့ ယဉ်ကျေးမှုဆိုင်ရာ သွင်ပြင်လက္ခဏာတွေကို လွှမ်းခြုံထားနိုင်တဲ့အရာတစ်ရပ်တော့ ဖြစ်ဖို့လိုအပ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက်ကတော့ မြန်မာ့ ယဉ်ကျေးမှုရဲ့မျက်နှာစာတော်တော်များများအပေါ်မှာ လွှမ်းမိုးထားတဲ့ ဗုဒ္ဓဘာသာရဲ့အရေးပါတဲ့အစိတ်အပိုင်းကိုတော့ မျက်ကွယ်ပြုစရာမလိုမှာမဟုတ်ပါဘူး။

About the author

Wai Yan Phone is editor-in-charge of the Journal of Human Rights and Democracy, published by the Myanmar Knowledge Society, based in Yangon, Myanmar (Burma).

คุณ โหว่ย หยั่น โพง บรรณาธิการรับผิดชอบนิตยาสารด้านสิทธิมนุษยชนและประชาธิปไตย ตีพิมพ์โดย Myanmar Knowledge Society ตั้งอยู่ในย่างกุ้ง ประเทศพม่า

 

More On

We encourage anyone to comment, please consult the
oD commenting guidelines if you have any questions.