Skip to content

မြန်မာနိုင်ငံတွင် သဘောထားစစ်တမ်းများသည် ပို၍ဘောင်ကျယ်သောဆွေးနွေးမှုများ၏ နိဒါန်းများဖြစ်

မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူအများအပြားသည် အများပြည်သူသဘောထားကောက်ခံမှုအပေါ် အလွန်သံသယထားကြသည်။ သို့ရာတွင် ယင်းစစ်တမ်းများသည် ဒီမိုကရေစီအရေး ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးမှုအတွက် စမှတ်တစ်ခုဖြစ်သည်။ အများပြည်သူထင်မြင်ယူဆချက်နှင့်လူ့အခွင့်အရေး ဆိုင်ရာ openGlobalRights အတွက် ရေးသားပေးပ

မြန်မာနိုင်ငံ၏ ၂၀၁၀ ပြည့်နှစ်တွင်စတင်ခဲ့သော ဒီမိုကရေစီအရေး ကနဦးအစပြုခြေလှမ်းများနှင့်အတူ ရောက်ရှိ လာသည်က အနောက်တိုင်းဒီမိုကရေစီနိုင်ငံများတွင် လွှမ်းမိုးမှုရှိသော အများပြည်သူသဘောထားစစ်တမ်း ကဲ့သို့သော လက်နက်ကိရိယာအချို့ဖြစ်သည်။ ပြည်သူ၏အမြင်ကိုလည်းကောင်း၊ ပြည်သူ၏လိုအပ်ချက်ကိုလည်း ကောင်း သိသာထင်ရှားသေချာစေသည်မှာ စစ်တမ်းကောက်ယူခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပထမဆုံး သော အများပြည်သူထင်မြင်ယူဆချက်စစ်တမ်းများမှာမူ ၎င်းတို့ကိုသာသုံးတတ်မည်ဆိုပါက အကျိုးကျေးဇူး အများဆုံးရနိုင်ဖွယ်ရှိသူတချို့၏ သံသယပြန်ထားခြင်းကိုသာ ရရှိခဲ့သည်။

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေသည့် နိုင်ငံတကာအင်န်ဂျီအိုနှစ်ခုက ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် သဘော ထားစစ်တမ်းနှစ်ခုအရ တွေ့ရှိချက်များကို ယမန်နှစ်က အများပြည်သူသိအောင် ထုတ်ပြန်ခဲ့ရာ ထိုနိုင်ငံရှိ အများ ပြည်သူသဘောထား၏တန်ဖိုးအပေါ် အရေးကြီးသည့်ဆွေးနွေးငြင်းခုံမှုတစ်ရပ်ကို အစပျိုးပေးခဲ့သည်။ အဆိုပါ အများပြည်သူသဘောထားစစ်တမ်းများမှာ နိုင်ငံတကာက လက်ခံထားသည့် သဘောထားစစ်တမ်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်ပုံစံတွေ့ရပြီး မြန်မာပြည်သူများအနေဖြင့် စစ်တမ်းမေးခွန်းများကို လွတ်လွတ်လပ်လပ် ဖြေဆိုနိုင်ခဲ့သည်ဟု ရရှိသည့်သက်သေများအားလုံးက ညွှန်ပြလျက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကျွန်မသည် ဒေသတွင်းမှ စစ်တမ်းပညာရှင်များပါဝင်သောအသင်းတစ်ခုကို ဦးဆောင်၍ မြန်မာနိုင်ငံ၏ စစ်တမ်းကောက်ယူနိုင်မှုကို ထပ်မံရှာဖွေခဲ့ပါသည်။ အဆိုပါပညာရှင်များမှာ ဖိလစ်ပိုင် နိုင်ငံ ဆိုရှယ်ဝယ်သာစတေရှင်မှ မဟာ မန်ဂဟနှင့် မလေးရှား မာဒေးကားစင်တာမှ အီဘရာဟင် ဆူဖီယန်တို့ဖြစ်ကြပါသည်။ အဆိုပါလုပ်ငန်းကို အိုးပင်း ဆိုဆိုက်တီ ဖောင်ဒေးရှင်း၏ မြန်မာပြည်ပရောဂျက်နှင့် သင့်ခ် တန့်ခ် ဖောင်ဒေးရှင်းတို့က ပံ့ပိုးထောက်ပံ့ပေးခဲ့ပြီး အစီရင်ခံစာအပြည့်အစုံကို အွန်လိုင်းတွင် အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

၂၀၁၄ ခုနှစ် ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံ၏ပထမဆုံးသော အများပြည်သူသိထုတ်ပြန်သည့် သဘောထား စစ်တမ်းအပေါ် ရှူးရှူးရှဲရှဲတုံ့ပြန်မှုဖြစ်ခဲ့ရာ ကျွန်မတို့အသင်း၏လုပ်ငန်းတာဝန်မှာလည်း ပိုလို့ပင် အရေးကြီးလာခဲ့ပါသည်။ လူတွေ့မေးမြန်းမှုများကို သက်တမ်းနှစ် ၂၀ ရှိ ပြည်တွင်း ဈေးကွက်သုတေ သန အဖွဲ့အစည်းဖြစ်သည့် Myanmar Survey Research က ပြုလုပ်ခဲ့ပြီး အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာ ရီပတ်ဗလစ်ကန် အင်စတီကျု (IRI) က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ရလဒ်များထဲတွင် ပြည်သူလူထုက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် သမ္မတတို့အပေါ် အကောင်းမြင်ချက်အချို့ရှိသည်ဆိုသည့် ရှုထောင့်များပါဝင်ခဲ့ရာ ၎င်းသည် မီဒီယာ၊ အတိုက်အခံအဖွဲ့ဝင်များနှင့် ၎င်းတို့၏ အနောက်တိုင်းမှ ထောက်ခံသူ များအား ဒေါသထွက်စေခဲ့ပါသည်။

ယင်းတုံ့ပြန်ချက်ကိုကြည့်လျှင် သဘောထားစစ်တမ်း ကောက်ယူမှု၊ လူမှုသိပ္ပံသုတေသနကို ယေဘုယျအသုံးပြုပုံ နှင့်ဆိုင်သည့် အရပ်ဘက်လူ့အဖွဲ့အစည်း ဇာတ်ကောင်များ၏ နည်းပါးသော အတွေ့အကြုံကိုတွေ့နိုင်သည်။ ဝေဖန် သူများအနေဖြင့်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အပေါ်ထားသည့် မြန်မာပြည်သူ လူထု၏ယုံကြည်လေးစားမှုကို ထင်ထင်ရှားရှားပြသနိုင်ခဲ့သည့် စစ်တမ်းပါအခြားတွေ့ရှိချက်များကိုမူ လျစ်လျူရှု ခဲ့ပါသည်။ တဖြည်းဖြည်းချင်း တိုးတက်လာနေသည့် စီးပွားရေးနှင့် အခြေခံအဆောက်အအုံများအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ပြည်သူကအမှတ်ပေးမှုများပါဝင်သည့် ဘက်မျှပြီး သိမ်မွေ့သည့် IRI စစ်တမ်းရလဒ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အစိုးရ၏အတိုက်အခံများဘက်ကို ပြည်သူလူထု က တစ်ခဲနက်ထောက်ခံသည်ဆိုသည့် စံထားထားသည့် ပြောဆိုတင်ပြမှုနှင့်တော့ ပဋိပက္ခဖြစ်နေပါသည်။

FrankovicBurma.jpg
FrankovicBurma.jpg

Demotix/Htoo Tay Zar (All rights reserved)

A crowd of Myanma listen to a speech by National League for Democracy leader Aung San Suu Kyi in Naypyitaw, Myanmar.


အလွန်တရာ အသုံးတည့်သည့် အချက်အလက်ဖြစ်ကောင်းဖြစ်နိုင်ခဲ့သည့်အရာအပေါ် ယခုလို ကံမကောင်း အကြောင်း မလှစွာပေါ်လာခဲ့သည့် အလွန်အကျွံတုံ့ပြန်မှုက မြန်မာနှင့် ကျန်နိုင်ငံများရှိ အရပ်ဘက်လူ့အဖွဲ့အစည်း တွင် ဖြစ်နေသည့်ပြဿနာကို ဖော်ပြနေပါသည်။ ယင်းမှာ လေ့ကျင့်သင်ကြားပေးမှုမရှိခြင်း၊ ပြည်သူလူထုတွင် အဖြူနှင့်အမည်းနှစ်မျိုးထက်မက အမြင်အမျိုးမျိုးရှိကောင်းရှိနိုင်သည်ဆိုသည့်အချက်ကို လက်ခံမှုမရှိခြင်းတို့ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်က လူမှုသိပ္ပံဘာသာရပ်များသင်ကြားမှုကို ပိတ်ထားခြင်း၊ တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ခြင်းများသည် ပြဿနာကိုဖြစ်စေခဲ့ပုံရပါသည်။ တက်ကြွ လှုပ်ရှားသူများအမြင်တွင် စစ်တမ်းများသည် ဖြစ်နိုင်ခြေမရှိသည့်အရာများဖြစ်သည်။ အဝေဖန်ခံရဆုံးအချက်မှာ လူ ၃၀၀၀ ကိုသာ နမူနာယူပြီး စစ်တမ်းကောက်ယူမှုသည် မြန်မာနိုင်ငံလောက်အရွယ်အစားရှိသည့် နိုင်ငံတစ်နိုင်ငံ အတွက် သေးငယ်လွန်းသည်ဆိုသည့် ဝေဖန်ချက်ဖြစ်သည်။

မည်သည့်နိုင်ငံတွင်မဆို အဓိကရွေးကောက်ပွဲတစ်ခုကျင်းပမည်ဆိုတိုင်း၊ အထူးသဖြင့် လူထုကိုယ်စားပြုမှုအပိုင်း တွင် အပြောင်းအလဲရှိနိုင်သည့်ရွေးကောက်ပွဲတစ်ခုဖြစ်မည်ဆိုတိုင်း လူထုသဘောထားစစ်တမ်းကောက်ယူသင့် သည့် အကြောင်းပြချက်ကောင်းများရှိပါသည်။ မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီရွေးကောက်ပွဲများနှင့် စစ်တမ်း သုတေသနများနှင့်မရင်းနှီးခဲ့သည့် နိုင်ငံများ၌ ထိုသို့သော လူထုစစ်တမ်းများ ပိုလို့ပင်ပြုလုပ်သင့်ပါသေးသည်။ လက်ဦးအမွန်အားဖြင့် နိုင်ငံရေးပါတီများသည် လူထုကို ပိုမိုကိုယ်စားပြုနိုင်ရေးအတွက် မဲဆန္ဒရှင်လူထု၏ လိုအပ် ချက်နှင့် လိုလားချက်များကိုသိရှိနားလည်စေနိုင်မည့် အချက်အလက်များလိုအပ်ပါသည်။ အစိုးရအပေါ် အထိမ်း အကွပ်မမဲ့သွားစေရန် ထိန်းချုပ်ပေးမည့်အရာအဖြစ်လည်း စစ်တမ်းများက ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ဝေဖန် နေသူများအပါအဝင် ကျွန်မတို့စကားပြောဖြစ်ခဲ့သူအများအပြားအနေဖြင့် အစိုးရ၏ဝန်ဆောင်မှုများအပေါ် အများ ပြည်သူကျေနပ်မှုရှိမရှိ ဆုံးဖြတ်နိုင်ရန်၊ အစိုးရဖြေရှင်းပေးရမည့် ပြဿနာများကို သိရှိနိုင်စေရန်အတွက် အများ ပြည်သူ သဘောထားကောက်ခံမှုပြုလုပ်မည့် စိတ်ကူးကို တံခါးဖွင့်ကြိုဆိုသည့်ပုံရပါသည်။

ထို့ပြင် သဘောထားစစ်တမ်းကောက်ယူမှုများ၊ အထူးသဖြင့် လူဦးရေပိုများများထံမှ ကောက်ယူရန် ဒီဇိုင်းဆင်ထား သည့် စစ်တမ်းများသည် လူနည်းစုများကိုရော လူများစုလူအုပ်စုများကိုပါ ကိုယ်စားပြုနိုင်ပြီး ၎င်းတို့ အုပ်စုများအတွင်း၊ လူနည်းစုနှင့် လူများစုအုပ်စုများအကြားရှိ တူညီမှုများနှင့် မတူညီမှုများကိုလည်း သရုပ်ဖော်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစုအများအပြားရှိပြီး ၎င်းတို့အနက်မှ အချို့သည် ဆယ်စုနှစ်နှင့်ချီကာ အစိုးရအားလက်နက်ကိုင် တိုက်ခိုက်လျက်ရှိပါသည်။ ကိုယ်စားပြုသဘောပါသော သဘောထားစစ်တမ်း ကောက်ခံမှုကို အသုံးပြုပြီးလျှင် ဒေသန္တရနှင့်နိုင်ငံအဆင့်ခေါင်းဆောင်များအနေဖြင့် လူနည်းစုအုပ်စုများ၏ လိုအပ်ချက်များကို ပိုကောင်းအောင် အကဲဖြတ်နိုင်ပြီး၊ မြန်မာပြည်သူလူထုအနေဖြင့်လည်း ပဋိပက္ခဖြစ်နေသည့် ကိစ္စရပ်များကိုလည်းကောင်း၊ လူများစုနှင့်လူနည်းစုတို့ သဘောထားချင်းတိုက်ဆိုင်ကြသည့် ရပ်ဝန်းများကို လည်းကောင်း ပိုမိုကောင်းမွန်စွာ သိရှိနားလည်နိုင်မည်ဖြစ်သည်။

လူထုတစ်ရပ်အတွင်းရှိနေသည့် ထင်မြင်ယူဆချက်များနှင့် မတူကွဲပြားမှုများ၏ အတိုင်းအဆကို စစ်တမ်းများက ဖော်ထုတ်တင်ပြပါသည်။ သိပ္ပံနည်းကျပုံစံမျိုးဖြင့် အချိန်ကာလတစ်ခုရောက်တိုင်း ပုံစံတူမေးခွန်းများကို မေးမြန်း ခြင်းသည် ခေါင်းဆောင်များအတွက်ရော ပြည်သူလူထုအတွက်ရော တိုင်းပြည်၏ပစ္စက္ခအခြေအနေ၊ ၎င်း၏ ဦးတည်ဘက် စသည်တို့နှင့်ပတ်သက်သည့် စိတ်ချရသည့်သတင်းအချက်အလက်များကို ရရှိစေပြီး အများပြည်သူ တို့၏ ထင်မြင်ယူဆချက်ပြောင်းလဲမှုများအပေါ် ရှေးဦးညွှန်ပြမှုများကိုလည်း ဖြစ်ပေါ်စေပါသည်။ ကျကျနန ကောက်ယူထားသည့် စစ်တမ်းများသည် အလေးအနက်ထားရမည့်ပြဿနာများနှင့် လူ့အခွင့်အရေးကိစ္စရပ်များ ကိုပင် ပမာဏချပြနိုင်ပါသည်။ အကြောင်းမှာ ၎င်းသည် စိတ်ဝင်စားသူများအား ပြဿနာ၏ထုထည်မည်မျှ ရှိကြောင်း ပြောပြမည်ဖြစ်သလို အပြောင်းအလဲအတွက် လူထု၏ထောက်ခံမှုကိုလည်း တိုင်းတာပြမည်ဖြစ်၍ ဖြစ်သည်။

နောက်ဆုံးအနေဖြင့် အသွင်ကူးပြောင်းနေသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် ရွေးကောက်ပွဲအကြို စစ်တမ်းများသည် တည်ငြိမ်မှုကိုအားပေးနိုင်သည်။ အကြောင်းမှာ ၎င်းတို့သည် ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး မျှဝေ မျှော်လင့် ချက်များကိုလည်းကောင်း၊ ကြိုတင်ပြင်ဆင်ထားရမည့်အခွင့်အလမ်းများကိုလည်းကောင်း ဖန်တီးပေး၍ဖြစ် သည်။ နိုင်ငံအများအပြားတွင် အစိုးရသက်တမ်းကုန်ခါနီး ကောက်ယူသည့်စစ်တမ်းများသည် မဲဆန္ဒရှင်များ၏ လိုအင်ဆန္ဒများကိုနားလည်ဖို့ရော မဲရေတွက်မှုမှန်ကန်စေရန်အတွက်ပါ အသုံးပြုတတ်ကြပါသည်။

စစ်တမ်းများသည် အများသိအောင်ထုတ်ပြန်လျှင်လည်းကောင်း၊ မကြာခဏ စစ်တမ်းကောက်ယူလျှင် လည်းကောင်း၊ အထူးသဖြင့် ကောင်းကောင်းအလုပ်ဖြစ်သည်ဟု ကျွန်မတို့၏အစီရင်ခံစာတွင် မှတ်ချက်ပြုထား ပါသည်။

သဘောထားစစ်တမ်းများကို အများသိအောင်ထုတ်ပြန်ပြီး မကြာခဏ စစ်တမ်းကောက်ယူမည်ဆိုပါက သဘော ထားစစ်တမ်းများသည် မည်မျှအလုပ်ဖြစ်အသုံးတည့်ကြောင်း ကျွန်မတို့၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ၎င်းသည် မိမိလူ့အဖွဲ့အစည်းအတွင်းရှိအခြားသောသူများစိတ်ထဲတွင် ပြဿနာများကိုမည်သို့ခံစားရှုမြင်သည်ကို သိရန်နှင့် ပြဿနာ၏အဖြေကို အဆိုပြုတင်ပြသည့် အဖွဲ့များအကြောင်း သိရှိနားလည်စေရန် အသုံးဝင်ပါသည်။ အများပြည်သူမည်သို့ထင်မြင်ယူဆသည်ကို အများသိအောင်ထုတ်ပြန်သည့်အခါတွင် သဘောထားစစ်တမ်းများ သည် ဖိအားများသည့်အခြေအနေများအောက်မှာတောင်မှ ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်းခေါင်းဆောင် အဖွဲ့ဝင်များအကြား ပေါင်းကူးတံတားတစ်စင်းပမာ ဆောင် ရွက်ပေးပါသည်။ ထို့ပြင် သဘောထားစစ်တမ်း ဆိုင်ရာ အချက်အလက်များကို ရှေ့နောက်အစဉ်ညီညွတ်စွာဖြင့် အများသိအောင်ထုတ်ပြန်မှုသည် သတင်းအချက် အလက်များကိုမျှဝေရယူခြင်းဆိုသည့် စံနှုန်းကိုဖန်တီးသလို ဗဟုသုတပိုမိုကြွယ်ဝသည့် လူ့အဖွဲ့အစည်း တစ်ခုကိုလည်း ဖန်တီးပေးနိုင်ပါသည်။ စစ်တမ်းကောက်ယူမှုနည်းနာများနှင့် ရလဒ်များကို နှိုင်းယှဉ်ကြည့်နိုင်ပြီးလျှင် စစ်တမ်းများသည် ဒီမိုကရက်တစ်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။

ကျွန်မတို့ မြန်မာနိုင်ငံ၌ရောက်ရှိနေစဉ်က အာဏာရပါတီသည် ပြည်သူ့လိုလားချက်ကိုရှာဖွေဖော်ထုတ်နိုင်ရေး အရေးပါမှုကို အမိအရဖမ်းဆုပ်ခဲ့ပါသည်။ မည်သည့်နိုင်ငံရှိနိုင်ငံရေးပါတီတွင်မဆိုတွေ့ရတတ်သည့်အတိုင်း ထိုပါတီသည်လည်း လက်တွေ့ကျပြီးလျှင် ရွေးကောက်ပွဲအနိုင်ရရေးအတွက် စိတ်ပူပန်မှုရှိပါသည်။ အရပ်ဘက် လူ့အဖွဲ့အစည်းအဖွဲ့ဝင်များမှာမူ ကျေနပ်စွာလက်ခံဖို့ပိုမိုခက်ခဲပါသည်။ ၎င်းတို့အနေဖြင့် ထိုကဲ့သို့သော အချက် အလက်မျိုးကို ယခင်က တစ်ခါမျှမရရှိခဲ့ဖူးဘဲ ပြည်သူအကြားတွင် တချို့သော တိကျသည့်မေးခွန်းများအပေါ် ၎င်းတို့နှင့်သဘောထားမတိုက်ဆိုင်မှုရှိသည်ကို လက်ခံရန်ခက်ခဲနေခဲ့ပါသည်။ ၎င်းတို့၏စိတ်စေတနာမှာ မျှတ ကောင်းမွန်သော်ငြားလည်း ယခုလို စစ်တမ်းပါအချက်အလက်များကို လက်ခံလိုစိတ်မရှိခြင်းသည် ရွေးကောက်ပွဲ အတွက် တစ်ပန်းရှုံးနိုင်ခြေအန္တရာယ်သို့ ပို့ဆောင်လိုက်နိုင်ပါသည်။ စစ်တမ်းပါအချက်များကို မှန်မှန်ကန်ကန် အသုံးချမည်ဆိုပါက ၎င်းသည် အရပ်ဘက်တက်ကြွလှုပ်ရှားသူများအဖို့ ၎င်းတို့၏အခွင့်အရေးနှင့်ပတ်သက်ပြီး အများပြည်သူအား မည်သည့်အပိုင်းတွင်ထိတွေ့ဆက်ဆံရမည်ကို သိရှိစေနိုင်မည့် အသုံးတည့်သည့် သတင်း အချက်အလက်ကို ပေးနိုင်ပါသည်။

သဘောထားစစ်တမ်းများ၏သဘာဝကို နားလည်ခြင်းနှင့် ရလဒ်များကိုလက်ခံခြင်းသည် ပြည်သူ့ထင်မြင်ယူဆ ချက်ကို သိရှိစေရန်လိုအပ်ချက်တစ်ခုတည်းနှင့်ဆိုင်သည်မဟုတ်ပါ။ သဘောထားစစ်တမ်းများသည် ပိုမို ပြော ဆို ဆွေးနွေးမှုများ၏ အစမှတ်လည်းဖြစ်သင့်ပါသည်။ ၎င်းတို့သည် ပြည်သူများအကြား ဆွေးနွေးငြင်းခုံမှုအပြင် မူဝါဒနှင့် ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းစဉ်အတွင်းသို့ အချက်အလက်များထည့်သွင်းမှုကို ခွင့်ပြုခြင်းနှင့်လည်း သက်ဆိုင်ပါသည်။ ထိုအချက်များမပြည့်စုံပါဘဲ မြန်မာကဲ့သို့သော ဒီမိုကရေစီသို့အသွင်ကူးပြောင်းနေသည့် နိုင်ငံများ၌ တစ်ကိုယ်တော်ထင်တိုင်းကြဲနိုင်ငံရေး၊ အမှန်တရားနှင့်ဝေးကွာသည့်မူဝါဒများ၊ ပြည်သူ့ဒေါသများ ပေါက်ကွဲမှုနှင့် နိုင်ငံရေးသမားတို့၏ထုံပေပေနိုင်မှုတို့အပေါ် အကြမ်းဖက်ဖြေရှင်းမှုဆိုသည့် တဝဲလည်လည် သံသရာကြောမှရုန်းထွက်နိုင်ခဲလိမ့်မည်ဖြစ်ပါသည်။

imgupl_floating_none
imgupl_floating_none
openDemocracy Author

Kathy Frankovic

Kathy Frankovic is one of the world’s leading experts in public opinion polling. She retired as Director of Surveys and Producer at CBS News in 2009, after 32 years, and since then has been an election and polling consultant. She holds an AB from Cornell University and a PhD in political science from Rutgers, and served as President of both the American and World Associations for Public Opinion Research.  


ကေသီ ဖရန်ကိုဗစ်သည် အများပြည်သူ သဘောထားဆန္ဒစစ်တမ်းကောက်ယူမှုဆိုင်ရာ
ကမ္ဘာ့ဦးဆောင်ကျွမ်းကျင်သူများအနက် တစ်ဦးဖြစ်သည်။ ၎င်းသည် စီဘီအက်စ်သတင်းဌာန၏ 
စစ်တမ်းနှင့် ထုတ်လုပ်မှုဒါရိုက်တာအဖြစ် ၃၂ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် 
အငြိမ်းစားယူခဲ့သည်။ ထိုစဉ်မှ စပြီး ရွေးကောက်ပွဲနှင့်သဘောထားစစ်တမ်းဆိုင်ရာ အတိုင်ပင်ခံအဖြစ် 
ဆောင်ရွက်လျက်ရှိသည်။ ၎င်းသည် ကော်နဲတက္ကသိုလ်မှ AB နှင့် ရုဂျားစ်မှ ပါရဂူဘွဲ့ရရှိခဲ့သည်။ 
အမေရိကန်နိုင်ငံ အများပြည်သူထင်မြင်ယူဆချက် သုတေသနအသင်းမှာရော 
ကမ္ဘာ့အများပြည်သူထင်မြင်ယူဆချက် သုတေသနအသင်းမှာပါ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

All articles

More in Public Opinion and Human Rights

See all

More from Kathy Frankovic

See all